Reviews

သုံးနားညီ by မင်းလူ

madyjune's review

Go to review page

5.0

23/50

မင်းလူ - သုံးနားညီ

အရင်က တစ်ခါဖတ်ဖူးပေမဲ့ အစအဆုံး မဖတ်ဖြစ်လိုက်ဘူးထင်တယ်။ ဇာတ်သိမ်းပိုင်းဖတ်တော့မှ ဖတ်ဖူးမှန်း သိတော့တယ်။

ဇာတ်လမ်းကတော့ ဇော်ထူး၊ အေးမြ နဲ့ လူလှဆိုတဲ့ သူငယ်ချင်းသုံးယောက်အကြောင်း။ ကျောင်းကို အသစ်ပြောင်းလာတဲ့ လူလှက ရုပ်ဆိုးပြီး ဆင်းရဲတော့ တခြားအတန်းဖော်တွေက အခေါ်အပြောမလုပ်ကြဘူး။ တစ်ရက်မှာ သူ့ကို ကျောင်းသားနှစ်ယောက်က အနိုင်ကျင့်နေတာမြင်ပြီး ဇော်ထူးနဲ့ အေးမြက သူ့ဘက်က ပြန်ချပေးရင်း သူနဲ့ သူငယ်ချင်းဖြစ်သွားကြတာ။

လူလှနဲ့ သူငယ်ချင်းဖြစ်တာကို ဇော်ထူးနဲ့ အေးမြရဲ့ မိဘနဲ့ ညီအစ်ကိုမောင်နှမတွေက မကြိုက်ဘူး။ သူနဲ့မပေါင်းဖို့တားပေမဲ့ ဇော်ထူးကတော့ အရင်လိုဆက်ပေါင်းတယ်။ အေးမြကတော့ ခပ်တန်းတန်းဖြစ်သွားတယ်။ နှစ်ယောက်စလုံးနဲ့ အရင်လို ရင်းရင်းနှီးနှီး မပေါင်းတော့ဘူး။

သူတို့သုံးယောက် ဆယ်တန်းဖြေတော့ လူလှက စာမေးပွဲကျတယ်။ ဆက်မဖြေတော့ဘဲ ဈေးတွေမှာ ကုန်ပစ္စည်းတွေ လိုက်ဝယ်ပေးတဲ့အလုပ်ကို လုပ်တယ်။ အေးမြရဲ့ မိသားစုက အရင်လို ငွေရေးကြေးရေး အဆင်မပြေတော့ သူက လုပ်သားကောလိပ်ကို ညဘက်တက်ပြီး နေ့ဘက်မှာ စာတိုက်ကြီးမှာ စာရေးမအဖြစ် အလုပ်လုပ်တယ်။

တစ်ရက်မှာ လူလှကို သူ အေးမြကို ချစ်နေတဲ့အကြောင်း ဇော်ထူးကို ဖွင့်ပြောတယ်။ ဇော်ထူးကလည်း အေးမြကို ချစ်နေပေမဲ့ သူငယ်ချင်းအတွက် အနစ်နာခံလိုက်ပြီး သူတို့နှစ်ယောက်အတွက် ကြားထဲကနေ ကူညီပေးတယ်။ သူတို့တွေ ချစ်သူဖြစ်သွားတော့လည်း သူငယ်ချင်းနှစ်ယောက်အတွက် သူဝမ်းသာပေးခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါမှာတော့ သူတို့ သုံးယောက်ရဲ့ ဆက်ဆံရေးပြောင်းလာခဲ့တယ်။

ဇာတ်သိမ်းဖတ်ပြီး စိတ်မကောင်းဖြစ်ပေမဲ့ ဇော်ထူးရွေးချယ်လိုက်တာ မှန်တယ်လို့ မြင်မိတယ်။

Rating: 5/5
More...